15:05
တောင်သာသားလေး
တောင်သာသားလေးတစ်ယောက် အိပ်မပျော်နိုင်၊ စားမ၀င်နိုင်ဖြစ်နေတာ (၁)ပါတ်လောက် ရှိနေပြီထင်။ အကြောင်းကတော့ တောင်သာသားလေးတို့ ပညာဆည်းပူးနေတဲ့ကျောင်းမှာ နိုင်ငံခြားကျောင်းသားရေးရာ ဌာန ဆိုတာရှိပါတယ်။ နှစ်စဉ်ဆိုသလိုပါပဲ နှစ်ပါတ်လည်ပွဲတွေ လုပ်ဖြစ်ပါတယ်။ ဒီနှစ်လည်း ဌာနမှူးက လုပ်ချင်ပါတယ်ဆိုပြီး တဂျီဂျီလုပ်နေလေရဲ့။ ဒါဆိုလည်း ဒီနှစ်လည်း ရိုးရာမပျက် လုပ်နိုင်ဖို့ ပွဲဖြစ်မြောက်ရေး အစည်းအဝေးလေး ခေါ်လိုက်ပါတော့တယ်။ တောင်သာသားလေးကတော့ မာစတာဒုတိယနှစ်ဆိုတော့ ကန့်လန့်ကန့်လန့်ပေါ့။ လိုအပ်တာကူညီပေးနိုင်အောင်ဆိုပြီး အစည်းအဝေးတတ်ဖြစ်ပါတယ်။ ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ဘယ်လိုဖျော်ဖြေမှုတွေထည့်မယ်၊ ဘယ်လိုသီချင်းတွေ ဆိုသင့်တယ်၊ ဘယ်လိုအကတွေ ထည့်သင့်တယ်၊ ဘယ်လိုအော်ပရာတွေ ထည့်သင့်တယ် စသည် စသည် စုံလို့ပါပဲ။ တောင်သာသားလေးတစ်ယောက်လည်း ဟိုလူပြောတာ နားထောင်လိုက်၊ ဒီလူပြောတာ နားထောင်လိုက်နဲ့ ခေါင်းတောင် နည်းနည်းမူးချင်သလို ဖြစ်လာပါတယ်။ နောက်ဆုံး ကျောင်းသားခေါင်းဆောင် အကိုကြီးရဲ့ စကားသံကြားလိုက်မှပဲ မူးချင်တာတွေ ဘယ်ရောက်သွားမှန်းမသိတော့။ ဘာဖြစ်လို့လဲဆိုတော့ presenter အစီအစဉ်ကြေငြာသူကိုတော့ ကို့ညီ တောင်သာသားလေးပဲ လုပ်ရမယ်တဲ့။ ပြန်ပြောဖို့ အားယူလိုက်ပါသေးတယ်။ အကို ကျွန်တော်က ---- မလုပ်ချင်တဲ့အကြောင်းပြချက်ပေးဖို့ပါပဲ။ သို့ပေးမယ့်လည်း မလုပ်ချင်တဲ့အကြောင်းပြချက်ကို ရင်ထဲမှာပဲ ထားလိုက်မိတော့တယ်။ ခိုင်းတာမလုပ်တာက အလုပ်ကိုခေါင်းရှောင်တာလား၊ အလုပ်ကို စိတ်မ၀င်စားတာလားဆိုပြီး အထင်ခံရမှာတော့ ကြောက်မိပါတယ်။ ဒါကြောင့် လက်ခံလိုက်မိသည်။ သို့ပေမယ့်လည်း စိတ်ထဲမှာတော့ ငါ ဘာသာစကားကလည်း အားနည်းတယ်၊ လူရှုပ်ရှုပ်ထဲလည်း မ၀င်ရဲ၊ အခုဟာက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ စစ်သံမှူး၊ ကျောင်းအုပ်ကြီး လာမယ့် နှစ်ပါတ်လည်းပွဲ၊ စသည်စသည် ဖြင့် အတွေးပေါင်း များစွာတွေးနေမိရင် စားမ၀င်၊ အိပ်မပျော်ဖြစ်နေတာ (၁)ပါတ်လောက်ဖြစ်နေတာပါ။



နောက်ဆုံးတော့ စိတ်ကို ငြိမ်အောင်ထားပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတော့တယ်။ ဘာလဲဆိုတော့ မလုပ်မဖြစ်လုပ်ရတော့မယ့်အလုပ်တစ်ခုကို တွေးပူနေမယ့်အစား အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တာက ပိုကောင်းမယ်ဆိုတာကိုပေါ့။ နှစ်ပါတ်လည်ပွဲမရောက်ခင် (၁၀)ရက်လောက် အလိုကတည်းက ဘာသာစကားရတဲ့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီးတော့ ရေချိုကန်၊ မျက်နှာသစ်ခန်းထဲ သွားပြီး အသံနေအသံထား တိုက်ကြည့်၊ ရွတ်ကြည့်၊ ဖတ်ကြည့်လုပ်နေမိတယ်။ သူငယ်ချင်းကလည်း မင်းဒီနေရာကတော့ ဒီလိုလေး ပုံမှန်မပြောဘဲ အသံလေးလေး လေး ပြောသင့်တယ်၊ အသံပေါ့ပေါ့လေး ပြောသင့်တယ်၊ အကြံဥာဏ်တွေ ပေးလိုက်၊ လိုက်ပြီးတော့ အတူတူ ပြောလိုက်၊ ဆိုလိုက်နဲ့ အားကိုးရပါတယ်။ အခုဒီစာရေးနေတုန်းမှာလည်း အဲ့ဒီသူငယ်ချင်းကို ကျေးဇူးတရဖြစ်နေတုန်းပါပဲ။

သူငယ်ချင်းနဲ့ပြောတာဆိုတာ အဆင်နည်းနည်းပြေတာနဲ့ အနောင်စာလုပ်မယ့် ကျောင်းသူလေးကိုခေါ်ပြီး ဘယ်လိုပြော၊ ဘယ်လိုဆို၊ ဘယ်လိုဖြတ်ဆိုတာကိုလည်း သူမဆီက တဆင့်ပြန်သင်နေရပါသေးတယ်။ မိန်းခလေးကလည်း အလုပ်ကလည်း ရှုပ်ရှုပ်လေးပါပဲ။ တစ်ပါတ်လုံးမှ တနင်္ဂနွေ နေ့လည် (၄၅)မိနစ်လောက် သာ အချိန်ရတယ်။ တခါတလေတော့လည်း ဒီကတော့ စိတ်ပူ စိုးရိမ်နေရတာ ဒီကောင်မလေးကျတော့လည်း တနင်္ဂနွေတောင် ၄၅ မိနစ်လောက်ပဲ ပေးတာပါလားဆိုပြီး စိတ်ထဲမှာ သိပ်အမြင်မကြည်။ တခါတလေတော့လည်း ဒါက သူတို့မိခင်ဘာသာစကား ဆိုတော့လည်း သူတို့အတွက် မခက်ခဲလို့နေမှာပေါ့ဆိုပြီး အကောင်းမြင်စိတ်လေး ပြန်ထည့်လိုက်ရတယ်။

သူမကတော့ အားပေးပါတယ်၊ အားလုံးအဆင်ပြေမှာပါတဲ့။ ပြောဖို့ဆိုဖို့ အဆင်ပြေပြန်တော့လည်း အ၀တ်အစား ဒီဇိုင်းအတွက် ပြင်ရပြန်ပါတော့တယ်။ အဲ့ဒါမှာ တကယ့်အဓိက ပြသနာ၊ တောင်သာသားလေးခဗျား အစကတည်းက ကိုရိုးကြီးလို့ နာမည်ခေါ်ရလောက်အောင် ရိုးရိုးအအ၊ ဗေထုံထုံနဲ့ အ၀တ်အစားဒီဇိုင်းဆိုတော့လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့။ အဲ့ဒါနဲ့ပဲ ပုံစံဆန်းဆန်း လေးတွေ ၀တ်တတ်တဲ့ သူငယ်ချင်းကို တောင်သာသားလေး ဒီဇိုင်နာခန့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူငယ်ချင်းရေ ငါ့ရဲ့ မည်းနက်တဲ့အသားအရောင်၊ ပိန်ရှည်ရှည်အရပ်၊ ၀က်ခြံတွေ တစ်လုံးနှစ်လုံး(မန်ချည်းသီးခန့်) ပေါက်နေတဲ့ မျက်နှာ၊ ချွန်နေတဲ့မေးရိုး၊ မှုံတုန်တုန်မျက်လုံးတွေနဲ့ မင်းအဆင်ပြေသလိုသာ ဒီဇိုင်နာလုပ်ပေးဖို့ အကူအညီတောင်းပါတယ်ကွာလို့ ပြောလိုက်ပါတယ်။

နောက်နေ့မှာတော့ သူငယ်ချင်းနဲ့ စတိုးဆိုင်တစ်ဆိုင်မှာ ၀ယ်ရမယ့်အ၀တ်အစားတွေ ၀ယ်နေမိတော့တယ်။ ကိုကပ်စီးလို့ နာမည်ရထားတဲ့ ကျွန်တော်တစ်ယောက်၊ အခုတော့ ကျွန်တော့်ဒီဇိုင်နာဆင်ပေးလိုက်တဲ့ အ၀တ်အစားတွေက မြန်မာငွေနဲ့ဆို (၂)သိန်းဖိုးလောက် ။ ဟာ သွားပါပြီဗျာ ကျွန်တော့်လစာလေးတော့ ကုန်ပါပြီလို့။ ဒါပေမယ့်လည်း ဒီဇိုင်နာရှေ့မှာ မပြောရဲ။ အားလုံးမိုက်တယ်၊ အားလုံးကြိုက်တယ်ပေါ့။ ရင်ထဲမှာတော့ တထင့်ထင့်။ အ၀တ်အစားလည်း အဆင်ပြေ၊ ပြောဖို့အတွက်လည်း အဆင်ပြေသွားပြီပေါ့။
နောက်နေ့ နှစ်ပါတ်လည်ပွဲ ရောက်ပါပြီ။ ညနေ(၅)နာရီ ပွဲစဖို့ လုပ်ထားသည်။ လိုက်ကာကြီးချထားသောကြောင့် ပွဲစင်ပေါ်ကို ကျွန်တော်တတ်သွားပြီးတော့ စင်အလယ်ကို တစ်ကြိမ်၊ စင်ဘေးဘက်ဆီကို တစ်ကြိမ်ဆီ ကန်တော့နေမိတယ်။ အားလုံးအဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ပါစေပေါ့။ အော် --- အရေးထဲ ကျွန်တော့်ဘေးနားလာပြီး အနောင်စာလုပ်မယ့်ကောင်မလေးကလည်း ငါလည်း ကြောက်နေတာ၊ ကြောက်နေတာ အော်နေလို့ သူ့ကို ပြန်ချော့ရသေးတယ်။ မကြောက်ပါနဲ့ အားလုံးအဆင်ပြေမှာပါ၊ ဘာညာပေါ့။

လိုက်ကာကြီးဖွင့်လိုက်ပါပြီ။ ဧည့်သည်ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေ ဆူညံသွားလေရဲ့။ စစလာချင်း ဘာမှမပြောရသေးဘဲ ယဉ်ကျေးမှုအကတစ်ခုနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူတို့ပြီးမှ ကျွန်တော်တို့ အနောင်စာနှစ်ယောက် ခြေလှမ်းညီစွာလျှောက်ရင်း စင်အလည်မှာရပ်၊ ဦးညွတ်ပြီး မိတ်ဆက်စကားပြောနေမိပါတယ်။ ကျွန်တော်ကိုယ်တိုင်သိပါတယ်။ ကျွန်တော့်လက်ကလေး မသိမသာတုန်နေတယ်ဆိုတာ ထိမ်းပေမယ့်မရ၊ မသိမသာတုန်နေမြဲ။ အစပါပဲ ။နောက်ပိုင်းတော့ အိုကေသွားပါတယ်။ စင်လည်းမကြောက်တော့၊ ပရိတ်သတ်လည်း မကြောက်တော့ပါ။ ပြောစရာရှိတာ ပြောနေလိုက်တာ၊ ပွဲပြီးသွားတာ မြန်တယ်လို့တောင် ထင်နေမိပါတယ်။ ပွဲစပြီး (၂)နာရီလောက် ကြာမှာတော့ အောင်မြင်စွာ ပွဲလေး ပြီးသွားခဲ့ပါတယ်။
တောင်သာသားလေးတစ်ယောက် အလုံးကြီးကျသွားတာလား၊ လူကပဲပေါ့သွားတာလားမသိ၊ လမ်းလျှောက်ရတာကိုက ပေါ့ပေါ့ပါးပါး၊ သွက်သွက်လပ်လပ်။ အားလုံးနဲ့ ဓါတ်ပုံတွေရိုက်၊ နုတ်ဆက်ရင်း အောင်မြင်မှုအပြုံးတွေနဲ့ ကပွဲဆီက ထွက်ခွါလာမိပါတော့တယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
10:00
တောင်သာသားလေး
တောင်သာသားလေးတစ်ယောက် ပေကြောင်ကြောင်နဲ့ ကူရသော့ (куратов) အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ ဘာသာစကားလည်း သိပ်မရတော့ သူတို့ကျောင်းသားတွေကြားထဲမှာ သူတို့ ဘာပြောပြော ပေကလပ် ပေကလပ် မျက်လုံးအပြူးသားလေးနဲ့ပဲ နားစွင့်နေမိတယ်။ အပါတ်စဉ်စနေနေ့တိုင်း ကျွန်တော့်တို့အဖွဲ့ဝင်လေးတွေ ဆွေးနွေးပွဲလေးတွေ အမြဲလုပ်ဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်း အတူတာတွေ စကားပြောနည်း၊ နေနည်းထိုင်နည်း၊ စတာတွေအများကြီးကို ကျောင်းသားအကြီးတွေက သင်ပေးပါတယ်။ ဒါတောင် ကျွန်တော်တို့ ကျောင်းသားအကြီး ( старший куратов) ပြောသမျှနားမလည်သေးပါဘူး။ နားလည်ရင် ဒီထက်ပိုပြီး မျှဝေနိုင်မှာပါ။ ကျွန်တော်တို့ကျောင်းက ကျွန်တော်ရယ်၊ ကျန်သူငယ်ချင်း(၂)ယောက်ရယ်ဆိုရင် အဲ့ဒီအဖွဲ့ထဲမှာ ကျွန်တော်တို့မြန်မာ(၃)ယောက်ပေါ့။ သူတို့ကျောင်းသားတွေကတော့ အဲ့ဒီအဖွဲ့ထဲမှာ ၁၀၀ လောက်တော့ ရှိမယ်ထင်ပါတယ်။



(29-04-2012) နေ့လေးကတော့ အမှတ်တရလေး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ (куратов) တွေ အပြင်သင်ခန်းစာလို့ခေါ်နိုင်မလား၊ outdoor သင်ခန်းစာလို့ခေါ်နိုင်မလားမသိ။ အဲ့ဒီသင်ခန်းစာ တွေကို လေ့လာဖို့ သူတို့ကျောင်းသားတွေနဲ့ တောထဲတနေရာကို ရောက်ခဲ့ပါတယ်။ ဒီနေရာလေးမှာ တခုပြောပါရစေ။ တခြားသူတွေလို ကျောင်းပိတ်ရက်အဆောင်မှာ နေလို့ရနိုင်ပေမယ့် ကျောင်းပိတ်ရက် မြန်မာကျောင်းသားတွေနဲ့ အတူမနေပဲ နိုင်ငံခြားကျောင်းသားတွေနဲ့ ဒီလို သင်ခန်းစာတွေလုပ်တယ်ဆိုတာ နိုင်ငံခြားကျောင်းသားတွေကို အထင်ကြီးနေခြင်းမဟုတ်သလို အထင်သေးနေခြင်းလည်း မဟုတ်ပါဘူး။ သူတို့ကျောင်းသားတွေ ရဲ့ လုပ်ဆောင်မှု၊ ခေါင်းဆောင်မှုတွေကို လေ့လာခြင်လို့ပါပဲ၊ သူတို့ကျောင်းသားတွေရဲ့ ကောင်းတဲ့အချက်လေးတွေကို ရှယ်ယာလုပ်ချင်လို့ပါပဲ။
မနက်(၉)နာရီမှာတော့ ဈေးဆိုင်တစ်ခုရှေ့မှာစုပြီး ၃ ယောက်တန်း နဲ့ တောစပ်ကို စတင်ခရီးနှင်ခဲ့ပါတယ်။ သိပ်မကြာပါဘူး။ နာရီဝက်လောက်ပဲ လမ်းလျှောက်လိုက်ရတယ်၊ သီချင်းသံတွေ၊ အလံတွေတလူလူနဲ့ ကြိုနေတဲ့ တောစပ်က လူတစ်စုကို မြင်လိုက်ရပါတယ်။ (မြန်မာနိုင်ငံမှာဆို သံချပ်နဲ့ကြိုသလိုပါပဲ)။ ဒီလူတွေက ကျွန်တော့်တို့အဖွဲ့ဝင်တွေလားလို့ မေးလိုက်တော့ သူတို့က အကြီးကျောင်းသားတွေတဲ့။ ကျွန်တော်တို့ အငယ်ကျောင်းသားတွေလာတဲ့အချိန်မှာ သင်ခန်းစာတွေအလွယ်တကူလုပ်နိုင်အောင်၊ သင်ခန်းစာလုပ်မယ့်နေရာတွေကို ကြိုတင်ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ (၃)ရက်လောက်ကတည်းက ကြိုတင်ရောက်ရှိနေကြတာပါတဲ့။
ရောက်ရောက်ခြင်းပဲ အဖွဲ့(၆)ဖွဲ့ခွဲလိုက်ပြီး အဖွဲ့တစ်ဖွဲ့ကို လူ၂၀ လောက် ဖြစ်သွားပါတယ်။ အကြီးဆုံးခေါင်းဆောင်တစ်ယောက်က ဒီနေ့လုပ်မယ့် လုပ်ငန်းစဉ်တွေကို ညွှန်ကြားနေလေရဲ့(နားလည်လိုက်၊ မလည်လိုက်ပေါ့) ။ ကျွန်တော်ကတော့ အဖွဲ့တစ်မှာ ပါဝင်သွားပြီးတော့ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ကတော့ ကျောင်းသူလေးပါပဲ၊ နာမည်က ကရီစကျီးနာ (Крыстина) တဲ့။ ဒီနေရာမှာ မှတ်သားဖို့တစ်ခုကောင်းတာက သူတို့ဆီမှာ ယောက်ျားလေး၊ မိန်းခလေး အဆင့်မခွဲပါဘူး။ တန်းတူပါပဲ။ ကျောင်းသားတွေလုပ်နိုင်တဲ့အရာတွေကို ကျောင်းသူတွေလည်း လုပ်နိုင်တယ်ဆိုတဲ့ သဘောနဲ့ ကျောင်းသူခေါင်းဆောင် ဖြစ်နေတယ်ထင်ပါရဲ့။

အဖွဲ့ခေါင်းဆောင်တွေက ကိုယ့်အဖွဲ့ကို ခေါ်သွားပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြပြီးတဲ့နောက် ကိုယ်ရတဲ့နေရာမှာ အ၀တ်လဲဖို့နေရာ၊ မီးဖိုဖို့နေရာ၊ လက်ဆေးဖို့ရေစင် စသည်စသည်တွေ လုပ်နေရင်း ကျွန်တော်တစ်ယောက် လူတစ်စု ဘာလုပ်နေတယ်မသိလို့ အတွေးနဲ့ အဝေးကို မျှော်ကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာပဲ အဖွဲ့ခေါင်းဆောင်က မြင့်၊ မြင့် နဲ့ ခေါ်နေသံကို ကြားတော့မှ တွေးလက်စ အတွေးကို လက်စသပ်ပြီး ဟုတ်ကဲ့လို့ ပြောလိုက်ရတယ် (ဒီနေရာမှာ ကျွန်တော်ရှင်းပြခြင်တာက ကျွန်တော့်နာမည်က မြင့်သူစိုးပါ၊ ဒါပေမယ့် သူတို့ကို နာမည်အပြည့်အစုံကိုပြောပြရင် သူတို့ကျွန်တော့်ကို ခေါ်ရတာ ခက်ခဲနေတာကို တွေ့ရပါတယ်။ နောက်ပိုင်းတော့ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့်နာမည်ကို တစ်လုံးတည်းဖြစ်အောင်၊ ခေါ်ရလွယ်သွားအောင် ပြောလိုက်တယ် မြင့် လို့ခေါ်လည်း ရပါတယ်လို့၊ အဲ့ဒါကြောင့် ကျွန်တော့်နာမည် မြင့် ဖြစ်သွားတာပါ) ။ မင်း အဲ့ဒီအဖွဲ့ဆီဲကို သွားတဲ့။ ကျွန်တော်လည်း ဘုမသိ၊ ဘမသိနဲ့ အဲ့ဒီအဖွဲ့ဆီကို ရောက်သွားပါတယ်။ အဲ့ဒီရောက်မှပဲ သဘောပေါက်သွားတယ်။ အခက်အခဲဖြတ်ကျော်ရမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ အဖွဲ့၆ ဖွဲ့က တစ်ယောက်ဆီ ကိုယ်စားပြုတဲ့ ၆ ယောက် ပြိုင်ကြပါတယ်။ အခက်အခဲတွေကတော့မျိုးစုံပါပဲ။ ရွံ့ဘွတ်ထဲပြေး၊ သစ်တန်းခုံကျော်၊ သံကြိုးကိုင်လျှောက်၊ ကြိုးကွင်းတတ်၊ သဲအိတ်ပစ်၊ ကြိုးကွင်းကျော်၊ ရေဘူး(၅ လီတာ) ပိုက်ပြီး တရွတ်သွား၊ သေနတ်ပစ်(ခဲသေနတ်- တချက်မှ ကျွန်တော်ပစ်တာ မထိဘူးထင်ပါတယ်)၊ ငုတ်တိုင်ပေါ်လျှောက်၊ ပလပ်စတစ်ခြေထောက်စွပ်ပြေး၊ မီးချောင်းသွားပြီး နောက်ဆုံး အောင်မြင်မှုပန်းတိုင်ကို ရောက်တဲ့အနေနဲ့ မောင်းထုပြီး အလံကို ကိုင်လိုက်ရပါတယ်။ သူတို့ကျောင်းသူကျောင်းသားတိုင်း အနည်းငယ်မှအပ အားလုံးအောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။

အဖွဲ့လိုက်က ကျောင်းသူကျောင်းသားတိုင်း လုပ်ရပါတယ်။ နေ့လည် ၁ နာရီလောက်မှာတော့ အားလုံး ကိုယ့်အဖွဲ့စီကို ရောက်ရှိနေပါပြီ။ ဗိုက်တွေလည်း စားနေပြီပေါ့။ ဒါနဲ့ ကျွန်တော်တို့ နေ့လည်စာ ပြင်ကြတယ် (ခေါက်ဆွဲ+အသားဗူး+ကော်ဖီ+ပေါင်မုန့်+ငှက်ပျော်သီး) စားစရာတွေကတော့ စုံနေတာပါပဲ။
စားသောက်ပြီးတဲ့အချိန်မှာ အဖွဲ့လိုက်က သီးချင်ရေးတာ ၀ါသနာပါတဲ့သူတွေက ကိုယ့်အဖွဲ့အတွက် သီချင်းလေးတွေ စပ်နေတာ တွေ့ခဲ့ရတယ်။ အားလုံးတော်ကြပါတယ်။ ဒီနေ့မနက်မှ ဖွဲ့လိုက်တဲ့အဖွဲ့လေးက နေ့လည်လောက်လည်းရောက်ကော ကိုယ်ပိုင်နာမည်၊ ကိုယ်ပိုင်သီးချင်းနဲ့ ကိုယ်ပိုင်ကြွေးကြော်သံလေးတွေ ရှိသွားပါတယ်။

အားလုံးစုပြီးတော့ အဖွဲ့လိုက်ရဲ့ သူတို့ရဲ့အဖွဲ့အမည်၊ သူတို့ရဲ့ ကြွေးကြော်သံ၊ သူတို့ရဲ့ သီချင်းတွေကို ပြသကြရတယ်။ အဲ့ဒါပြီးတော့ ကိုယ့်အဖွဲ့မီးဖိုထားတဲ့ နေရာကို ကိုယ်စီသွားကြပြီး ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်က သူမဆောင်းထားတဲ့ ဦးထုတ်လေးကို ချွတ်ပြီး တစ်ယောက်ခြင်းရဲ့ ဒီနေ့အတွက် ခံစားချက်လေးတွေကို ဦးထုတ်လေးလက်ဆင့်ကမ်းရင်း ပြောရပါတယ်။ ကျွန်တော့်အလှည့်ကိုရောက်လာတော့----- အားလုံးပဲ မင်္ဂလာပါသူငယ်ချင်းတို့။ ငါ ဒီနေ့အတွက် အရမ်းပျော်မိသလို၊ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းတွေနဲ့ ဒီနေ့လေးမှာ မိတ်ဆက်ခွင့်၊ သူငယ်ချင်းဖြစ်ခွင့်တွေ ရလို့ပါပဲ။ တစ်ဦးတစ်ယောက်ကသာ င့ါကို မင်းဘာကြောင့် ဒီအဖွဲ့(куратов)၀င် ဖြစ်ချင်တာလည်းလို့ မေးရင် ငါဒီလိုပြောချင်ပါတယ်။ ငါ့ဘ၀က state school ပြီးကတည်းက စစ်တပ်နဲ့ဆိုင်တဲ့ တက္ကသိုလ်တစ်ခုမှာ တတ်ရောက်ခဲ့ရတဲ့အတွက် အပြင်ကျောင်းသားတွေ ဘယ်လိုစာသင်တယ်၊ ဘယ်လိုနေထိုင်တယ်၊ ဘယ်လို လွတ်လွတ်လပ်လပ်နေခွင့်ရှိတယ်၊ ကျောင်းပိတ်ရက်တွေမှာ ဘာတွေလေ့လာကြတယ်ဆိုတာ သိချင်ခဲ့တယ်။ အဲ့ဒါတွေငါသိချင်ခဲ့တာကြာပါပြီ။ အခုတော့ ငါ့လက်ထဲကို အဲ့ဒီအခွင့်အရေးကြီးရောက်လာပါပြီ။ ငါ အဖွဲ့ဝင်ဖြစ်လာလို့ ရှိရင် မင်းတို့ကျောင်းသားတွေရဲ့ ငါသိချင်၊ လေ့လာချင်တဲ့ အရာတွေကို သိခွင့်၊ လေ့လာခွင့်ရတယ်တဲ့။ အဲ့ဒါကြောင့် ငါ ဒီအဖွဲ့ဝင်ဖြစ်လာတာပါလို့ ပြောလိုက်ပါတယ်။ သူတို့တွေရဲ့လက်ခုတ်သံတွေ ဆူညံ့သွားပါတယ်။ နောက်တစ်ခုမင်းတို့ကို ငါ ထူးမြတ်တဲ့လက်ဆောင်တစ်ခုပေးချင်ပါတယ်။ ဘာလဲဆိုတော့ ငါတို့နိုင်ငံက မင်းတို့နိုင်ငံနဲ့ယှဉ်ရင် သေးငယ်လှပေမယ့် အလွန်မတန် လှပတဲ့နေရာတွေ များစွာရှိပြီးတော့ ငါ့တို့ရဲ့ပြည်သူပြည်သားတွေကလည်း အလွန်မတန်မှ ပျူငှာဖော်ရွေလှတဲ့အပြင် ငါ့တို့နိုင်ငံခေါင်းဆောင်တွေက မင်းတို့အတွက် ဗီဇာမပါဘဲနဲ့တောင် အလည်လာခွင့်ပေးထားပါတယ် လို့ တတ်သလောက်၊ မှတ်သလောက်လေး ပြောမိလိုက်ပါတယ်။

ညနေ(၈) နာရီလောက်ရောက်တော့ မီးဖိုတွေငြိမ်း၊ အမှိုက်တွေသိမ်းရင်းနဲ့ ကျောင်းတော်ကြီးဆီကို ခြေလျင်တတန်၊ ကားတတန်နဲ့ ပြန်ခဲ့ပါတော့တယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
14:50
တောင်သာသားလေး
ဘာသာစကားရဲ့အရေးပါပုံလေးတွေကို တောင်သာသားလေး ကျွန်တော့်ရဲ့ အတွေ့အကြုံလေးနဲ့ ပေါင်းစပ်ပြီး ဒီဆောင်းပါးလေးနဲ့ တင်ပြပါရစေ။ ဘာသာစကားမတတ်တဲ့ လူတစ်ယောက်က စကားမပြောတတ်တဲ့ လူတစ်ယောက်နဲ့ တူတယ် ဆိုတာ တောင်သာသားလေး ကိုယ်ကိုယ်တိုင်ကြုံမှ ကိုယ်တိုင်သိခဲ့ရလို့ပါပဲ။
တောင်သာသားလေး ပထမနှစ်ဘ၀တုန်းက ဒီလိုလေးတွေးမိတာပါ။ တောင်သာသားလေး ပညာလာသင်နေတဲ့ နိုင်ငံကဘာသာစကားဟာ ဒီပညာသင်နေတဲ့ ၃ နှစ်အတွင်းလေးပဲ အသုံးဝင်မှာပါလို့။ စာမေးပွဲအောင်ရုံလောက်၊ ဆရာ/မတွေနဲ့ စကာပြောနိုင်ရုံလောက် ပြောတတ်ရင်ရပြီပေါ့။ တကယ်တော့ အဲ့ဒီအတွေးက တတ်တတ်စင်အောင်လွဲခဲ့ပါတယ်။ သို့ပေမယ့်လည်း ကိုယ်ကိုတိုင် တကယ် အ၀န်းထဲကို ၀င်မိတော့မှပဲ ဘာသာစကားက အရေးကြီးပါလား ဆိုတာ သိလိုက်ရတယ်။
ဒုတိယနှစ်ရောက်တော့ ဘာသာစကားကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖြစ်ခွင့်ရခဲ့ပါတယ်။ ဘာသာစကားရဲ့ အရေးပါပုံလေးတွေကိုလည်း ပိုပြီးသိလာရတယ်။ အခန်းကျဉ်းလေးထဲမှာ ကွန်ပျူတာသုံးလိုက်၊ အိပ်လိုက်၊ စားလိုက် နဲ့ အချိန်တွေ သုံးနေမယ့်အစား သူ့တို့နိုင်ငံရဲ့ အထွေအထွေနယ်ပယ်ထဲကို ၀င်သင့်တယ်လို့ ထင်ခဲ့တယ်။
တောင်သာသားလေး စာတစ်ခု ဖတ်ဖူးပါတယ်။ လူတိုင်းက ကိုယ်မအောင်မြင်တာပဲဖြစ်ဖြစ်၊ ပြသနာတစ်ခုကြုံခဲ့ရင်ပဲ ဖြစ်ဖြစ်၊ အကယ်၍သာ ဆိုတဲ့ နောင်တရတဲ့ အသံတွေနဲ့ ပြောတတ်ကြပါတယ်။ စာရေးဆရာက အဲ့လိုပြောတာထက် အကယ်၍သာ ပြောမယ့်အစား နောက်တစ်ကြိမ်ကျရင် ဘာလုပ်မယ်ဆိုတာ ပြောသင့်တယ်တဲ့။
တောင်သာသားလေးလည်း မာစတာ ဒုတိယနှစ်ရောက်နေပါပြီ။ ဘာသာစကား သိပ်မရသေးတဲ့ ကျောင်းသားတစ်ယောက်ပေါ့။ ကျွန်တော်အရင်က အကယ်၍သာ ဆိုတဲ့ စကား ခဏခဏ သုံးမိပါတယ်။ အခုတော့ ကျွန်တော်အဲ့လိုမပြောတော့ပါဘူး။ နောက်တစ်ကြိမ်ဒီထက်ပိုကြိုးစားမယ်ဆိုတဲ့ စကားပဲပြောမယ်လို့ စဉ်းစားထားပါတယ်။
နိုင်ငံခြားကို ပညာတော်သင်ဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် ရောက်ရှိလာတဲ့ အကိုအမတို့က ဘာသာစကားနဲ့ပါတ်သတ်လို့ အကြံလေးတစ်ခု ပေးပါလို့ တောင်းခဲ့ရင် တောင်သာသားလေး အစက တွေးမိသလိုတွေးမိနေတယ်ဆိုရင် အမြန်ဆုံး အဲ့ဒီအတွေးကို ပြောင်းပြစ်လိုက်ပါ။ ဘာသာစကားသိမှ အဲ့ဒီနိုင်ငံမှာ စကားပြောတတ်တဲ့ လူတစ်ယောက်လို နေထိုင်သွားလာနေနိုင်မှာဖြစ်ပြီးတော့ ဘာသာစကားမသိရင်တော့ ဘာမှမပြောတတ်တဲ့ လူအတစ်ယောက်လို၊ ဈေးဝယ်ရင်တောင် ကိုယ်ဟန် လက်ဟန်နဲ့ပြ၀ယ်ရင်တော့ သူတစ်ပါးအထင်သေးတဲ့ မျက်လုံးတွေက ဆီးကြိုနေမှာ မလွဲဧကန် ဖြစ်နေတော့မှာပါ။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
16:47
တောင်သာသားလေး
တောင်သာသားလေးပညာသင်နေတဲ့ကျောင်းမှာ လူမှုရေးအခက်အခဲလေး နည်းနည်းကြုံလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ ဆွေးနွေးကြတယ်၊ တိုင်ပင်ကြပါတယ်။ သူငယ်ချင်းတွေအများကြီးက အကြံဥာဏ်တွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ ပြောကြပါတယ်။
အားလုံးပြောကြတာတော့ သူ့ဟာနဲ့သူတော့ ကောင်းကြတာကြီးပါပဲ။ သို့ပေမယ့်လည်း သူငယ်ချင်းတစ်ယောက်ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ ဘ၀တစ်သက်စာ မှတ်သားစရာလေး ဖြစ်ခဲ့ရတယ်။ သူငယ်ချင်းပြောတာလေးကို သူပြောသလိုလေသံလေးနဲ့ပဲ ပြန်လည်ဝေမျှပါရစေ။ သူငယ်ချင်းတို့ ကြိုးစားကြကွ။ လူဆိုတာ ကျရှုံးမှုတွေ ကြုံလာတိုင်း ငါ့အထင်တော့ ဒီလိုတွေးသင့်တယ်ကွ။ ဥပမာ ကျောက်ခဲလေးတစ်ခုကို အပေါ်ကို မြှောက်လိုက်ရင် သူအားရှိသလောက်၊ အရှိန်ရှိသလောက် အမြင့်ဆုံးကို ရောက်နိုင်တယ်။ ဒါပေမယ့် အမြင့်ဆုံးကိုရောက်ပြီးသွားရင် အောက်ကိုပြန်ကျလာရတယ်ကွ။ ဒီလိုပြန်ကျလို့ ကျောက်ခဲလေးမှာ အပြစ်မရှိဘူးကွ။ ဒါ လောကသဘာဝရဲ့ နိယာမပဲ။ အပြစ်ရှိတာက သူ့ပြုတ်ကျလာတာကို နောက်တကြိမ် ပြန်တတ်ဖို့ မကြိုးစားတာပဲ။ အဲ့ဒါမှ အပြစ်ကွ။ အခုလည်း သူငယ်ချင်းတို့ အကြောင်းတစ်ခုခုကြောင့် လဲကျတယ်၊ ပြုတ်ကျတယ်ကွာ။ လောကသဘာဝအရ အောင်မြင်မှုတွေ ပြီးလာရင် ကျရှုံးမှုတွေ ရောက်လာမှာပဲ။ ဒါသူငယ်ချင်းတို့ အပြစ်မဟုတ်ဘူး။ ပြန်ထူဖို့ မကြိုးစားတာကမှ သူငယ်ချင်းတို့ အပြစ်ကွ။
ဘယ်လောက်ကောင်းတဲ့ ဥပမာလေးပါလည်း။ တောင်သာသားလေးတို့၊ အကို၊ အမတို့ ဘ၀မှာလည်း အောင်မြင်မှုတွေ ရှိခဲ့သလို ကျရှုံးမှုတွေ ရှိခဲ့၊ ကြုံခဲ့တာပါပဲ။ ကျရှုံးမှုတွေ ကြုံလာရင် ပြန်ထဖို့ စဉ်းစားတာထက် ဒူးထောက်လက်မြောက်ဖို့ အရင်စဉ်းစားမိတယ်။ သူငယ်ချင်းပြောတဲ့ ဥပမာလေး သိလိုက်တဲ့အချိန်ကစပြီး ဒူးထောက်လက်မြောက်ဖို့ထက် ပြန်ထဖို့ကြိုးစားကြပါဆို့လို့ နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။
တောင်သာခရီးသည်
ဆက်လက်ကြိုးစားပါအုံးမည်
14:08
တောင်သာသားလေး
အဖေတစ်ယောက် ပါးရေတွေတောင် တွန့်လိပ်စ ပြုနေပါပြီလား။ သို့ပေမယ့်လည်း သားတို့မျက်လုံးထဲမှာတော့ အဖေ့ရုပ်ရည်ကော၊ အဖေ့ကိုယ်ကျင့်တရားကောက ကမ္ဘာ့ပေါ်မှာရှိတဲ့ လူသားတိုင်း မှီမှာမဟုတ်ပါဘူးအဖေ။ အဖေတို့ဘ၀ကို သုညကနေ စခဲ့ရတာ သားတို့ ဟုပြောတဲ့အခါတိုင်း ငယ်ငယ်ကတော့ မယုံချင်။ ဖေဖေ ပုံပြင်တွေ ပြောနေတာလားပေါ့။ အသက်အရွယ် နည်းနည်းလေး ရလာမှပဲ လောကကသင်ပေးတဲ့ အဖြစ်စလောက် အတွေ့အကြုံလေးတွေကြောင့်လားမသိ၊ အဖေပြောခဲ့တာတွေက ဖြစ်နိုင်တယ်၊ဆိုတာ ယုံလိုက်ပါပြီအဖေ။ သားတို့ စာကြိုးစားကြ။ တစ်နှစ်တစ်တန်း မှန်မှန်အောင်ရင် မြန်မာနိုင်ငံမှာ ရှိတဲ့ အတန်းတွေ ကုန်အောင်ဖေဖေ ပညာတွေ အမွေပေးခဲ့မယ်လို့ တဖွဖွ ဆုံးမစကားတွေ ဆိုးတတ်ပါသေးတယ်။ ပင်ပန်းမှုတွေ၊ ဆင်းရဲမှုတွေ၊ အခက်အခဲတွေနဲ့ တွေ့ဆုံနေရရင်လည်း မျက်နှာမညှိုး တည်ကြည်စွာ၊ ရဲဝံ့စွာ စိတ်အေးအေးထား ဖြေရှင်းတတ်သောအဖေ။ ယောကျီင်္ားပီသသော၊ ခန့်ညားသော အဖေတစ်ယောက် အခုတော့ ခါးလေးတွေတောင် ကိုင်းစပြုနေပါပြီလား။ သို့သော်လည်း အဖေ အားမငယ်။ ကြုံလာတဲ့ လောကဓံကြီးကို ရဲဝံ့စွာ ရင်ဆိုင်ဖို့ ကြိုးစားနေလေရဲ့။ ဖေဖေအရက်ကလေး (၃ လမှ တစ်ကြိမ်လောက်) သောက်လာခဲ့လျှင်လည်း မေမေ့ ခြေဖျားလေးတွေ၊ ဇတ်ကြောလေးတွေ နှိပ်ပေးရင်း သူချစ်တဲ့ မေမေကို ချော့တတ်တဲ့ဖေဖေ။ မျက်နှာကြီး အတင်းသားနဲ့မေမေတစ်ယောက် မကြာပါဘူး အကြင်နာစကားလေးတွေ ထွက်လာပြီ။ ဖေကြီးကို အရက်မသောက်စေချင်တာက ဖေကြီးရဲ့ကျန်းမာရေးကြောင့်ပါတဲ့။ ဖေကြီးမွေးထားတာလည်း သား(၄)ယောက်တဲ့။ စသည်ဖြင့်ပေါ့။ တောင်သာသားလေးတို့ ညီအကို(၄)ယောက်ကတော့ ခြင်ထောင်ထဲမှာ ခိုးနားထောင်နေတာပေါ့။ တခါတလေတော့လည်း ညီအကို (၄)ယောက် တိုင်ပင်လျှက်။ ညီတို့မိန်းမရရင်လည်း အခုလို အရက်သောက်လာရင် ဖေဖေလိုချော့လိုက်တာ မဆိုးဘူးနော်။ အကြံတွေကလည်း အထွက်သား။ အဲ့ဒါတွေကတော့ ဖေဖေပိုင်တဲ့ အရည်အချင်းတွေထဲက မပြောပလောက်တဲ့ သေးသေးမွှားမွှားလေးတွေပဲ ရှိပါသေးတယ်။ လေးစားချစ်ခင်ရတဲ့ ဖေဖေတစ်ယောက် ကို လွမ်းတဲ့အလွမ်းတွေ ဒီရုပ်သံလေးနဲ့ပဲ ဖြေသိမ့်မိပါတော့တယ်။
17:02
တောင်သာသားလေး
- မင်းရဲ့အဆင့်တွေက အပြောင်းအလဲမရှိပဲ ဆိုးရွားနေပါလား---အကြောင်းပြချက်ရောရှိလား?
- ကြောက်ရွံ့ခြင်းပါဆရာ။ ကျွန်တော်ကလေးဘ၀တုန်းက အရမ်းကိုလိမ်မာခဲ့ပါတယ်။ မိသားစုဆင်းရဲ တာကို အဆုံးသတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အဲ့ဒါတွေက ကျွန်တော့်ကို ကြောက်ရွံ့စေခဲ့ တာပါ။ ဒီမှာ ပြိုင်ပွဲကြီးကို တွေ့လိုက်ရတော့ ပထမ မရခဲ့ရင်ဆိုပြီး ကျွန်တော့်ရဲ့ ကြောက်ရွံ့စိတ်တွေ ပိုကြီးလာခဲ့ပါတယ်။ ကြောက်ရွံ့နေခဲ့လို့ အဆင့်တွေ မကောင်းခဲ့ပါဘူးဆရာ။ အဆောင်လက်ဖွဲ့တွေ အများကြီး ၀တ်ခဲ့ပါတယ်။ ဘုရားမှာလည်း အမြဲရှိခိုးခဲ့ပါတယ်။ ဆန္ဒတွေကို အမြဲတမ်း တောင်းခံခဲ့ပါတယ်။ အခုတော့ အဲ့လိုမတွေးတော့ပါဘူး။ ကြောက်ရွံ့စိတ်တွေ ကင်းကင်းနဲ့ပဲ ကြိုးစားလုပ်ဆောင်သွားမှာပါ။ ကျွန်တော့်ဘ၀နဲ့ သင့်တော်တဲ့ အလုပ်တခုကို ကြိုးစားပြီး လုပ်သွားမှာပါ။ (ကြောက်ရွံ့ခြင်းက အောင်မြင်မှုကို အဝေးဆုံးညွှန်ပြတဲ့ ညွှန်တံတစ်ခုလိုပဲ)
13:56
တောင်သာသားလေး
တောင်သာသားလေး ပညာသင်နေတဲ့ ကျောင်းလေးမှာ Miss 2012 ရွေးချယ်ပွဲလေး ပွဲလက်မှတ် လက်ဆောင်ရလို့ သွားရောက် အားပေးခဲ့ပါသေးတယ်။ စုစုပေါင်း ကျောင်းသူ(၈)ယောက် ပြိုင်တဲ့အထဲကနေ ပထမရတဲ့ Miss ကျောင်းသူလေးရဲ့ talent ပြကွက်လေးပဲ ရှယ်ပေးလိုက်ပါတယ်။